Friday, November 18, 2011

ဥပါသကာ


            ဘုရား တရား သံဃာ ရတနာ သုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို ဥပါသကာ ဟုခေါ်ဆိုရ၏ ၊
အမျိုးသမီးဖြစ်လျှင် ဥပါသိကာမ ဟုခေါ်ဆိုရ၏
             လူပုဂ္ဂိုလ်တို့သည် မိမိ၏ ခန္ဓာကိုယ်နှင့် အသက်ကို မငဲ့ကွက်ဘဲ ရတနာမြတ်သုံးပါးအား ပေးလှူခြင်း ၊ ရတနာသုံးပါးအပေါ်၌
ယုံကြည်ကိုးစား အားထားခြင်း ၊ရတနာမြတ်သုံးပါး၏ တပည့်သားအဖြစ် စွဲမှတ် ခံယူခြင်း ၊ ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခိုးမှု

ရိုသေကိုင်းရှိုင်းမှု ပြုခြင်း စသောနည်းလမ်းတို့ဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တက်သော ပုဂ္ဂိုလ် (ဥပါသကာ ၊ ဥပါသိကာမ)

အဖြစ်သို့ ရောက်ရှိကြသည်။ ထိုသို့ ဥပါသကာဖြစ်ပြီးသူများကို ”ဗုဒ္ဓဘာသာဝင် သူတော်စင်” ဟု သတ်မှတ်ရသည်။

 ဥပါသကာတို့ ရှောင်ရန် အချက်များ


             ဥပါသကာအဖြစ် ခံယူပြီးသော ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၍ စွမ်းနိုင်ပါမှု

ရှစ်ပါး ၊ ဆယ်ပါးသီလများကို စောင့်ထိန်း၍ ဖော်ပြလတ္တံပါ အချက်များကို ရှောင်ကြည်ရမည် -

             ( ၁ ) လက်နက်ရောင်းဝယ် ဖောက်ကားခြင်း ၊

             ( ၂ ) လူအရောင်းအဝယ် ပြုလုပ်ခြင်း ( ကျွန်ရောင်း ကျွန်ဝယ်ခြင်း ၊ပြည့်တန်ဆာ ရောင်းဝယ်ခြင်း စသည် )၊

             ( ၃ ) ကြက် ဝက် အမဲ သား ငါး ရောင်းဝယ်ခြင်း ၊

             ( ၄ ) မူးယစ်ဆေးဝါး အမျိုးမျိုး နှင့် သေရည် သေရက် ရောင်းဝယ်ခြင်း ၊

             ( ၅ ) လူကို သေစေတက်သည့် အဆိပ် ရောင်းဝယ်ခြင်း တို့ ဖြစ်ပါသည်။

 ဥပါသကာ အရည်အချင်း နှင့် ပြည့်စုံခြင်း

             ဥပါသကာအဖြစ်သို့ ရောက်ပြီးသော ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် -

             ( ၁ ) သဒ္ဓါတရား နှင့် ပြည့်စုံရ၏

             ( ၂ ) အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏
            
             ( ၃ ) ကောတုဟလ မင်္ဂလာခေါ် အထူးအဆန်း မင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ ၊
          
             ( ၄ ) ကံ ၊ ကံ၏ အကျိုးကို ယုံကြည်ရ၏

             ( ၅ ) အယူပျက်သည့် သာသနာပ အလှူခံပုဂ္ဂိုလ်တို့ကို မပြုရ ၊ မလှူဒါန်းရပေ။

            အဆိုပါ အင်္ဂါရပ်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို -

             ( ၁ ) ဥပါသကရတန      =  နှစ်သက်ကြည်ညိုဖွယ် ဥပါသကာဟူ၍ လည်းကောင်း ၊
          
             ( ၂ ) ဥပါသကပဒုမ       =   ပဒုမ္မာကြာနှင့် တူသော ဥပါသကာဟူ၍ လည်းကောင်း ၊
       
             ( ၃ ) ဥပါသကာပုဏ္ဍရိက =   ကြာဖြူနှင့်တူသော ဥပါသကာ ဟူ၍ လည်းကောင်း ၊

                   ခေါ်ဆိုထိုက်ပါသည် ။       

         ဥပါသကာ ပျက်စီးခြင်း

                  ဥပါသကာ ဖြစ်ပြီးသူသည် -
            
                  ( ၁ ) သဒ္ဓါမရှိခြင်း ၊
                
                  ( ၂ ) သီလ မရှိခြင်း
                 
                  ( ၃ ) အထူးအဆန်း မင်္ဂလာကို သက်ဝင်ယုံကြည်ခြင်း ၊
         
                  ( ၄ ) ကံ၊ ကံ၏ အကျိုးကို မယုံကြည်ခြင်း ၊

                  ( ၅ ) အယူပျက်သော သာသနာပ တိတ္တိတို့ကို ရှိခိုးခြင်း ၊ အရိုအသေ ပြုခြင်း ၊ လှူဒါန်းခြင်း

           စသည့်အချက်တို့ကို ပြုလုပ်ပါက ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သော ဥပါသကာအဖြစ်ပျက်ပြယ်သွားပါသည်။
ထို့ကြောင့် ဖော်ပြခဲ့သော သွေဖည်ဖျက်ချက် ၅ ချက် နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို -

                 ( ၁ ) ဥပါသကစဏ္ဍာလ = ဒွန်းစဏ္ဍား ဥပါသကာဟူ၍ လည်းကောင်း ၊

                 ( ၂ ) ဥပါသကမလ      = မသန့်ရှင်းသော ဥပါသကာဟူ၍ လည်းကောင်း၊

                 ( ၃ ) ဥပါသကပဋိကိဋ္ဌ  = စက်ဆုပ် ရွှံရှာဖွယ် ဥပါသကာဟူ၍ လည်းကောင်း
              
          ခေါ်ဆိုရတော့၏

           ဥပါသကာ၏ ဂုဏ်ရည် ၁၀ ပါး

ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သော ပုဂ္ဂိုလ်တစ်ယောက်သည် ဖော်ပြလတ္တံပါ ဂုဏ်အင်္ဂါများနှင့် ပြည့်စုံပါက

အဆင့်မြင့် ဥပါသကာ ဂုဏ်သရေရှိ ဥပါသကာ စစ်စစ် ဖြစ်ပါသည် -

         ( ၁ ) ဘုရားရှင်၏ တပည့်သား သံဃောများနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှ ခံစားခြင်း ၊

         ( ၂ ) ဗုဒ္ဓ၏ တရားတော်ကိုသာ အလေးဂရုပြုခြင်း ( အခြားသာသနာပ အယူဝါဒများကို လုံးဝ ဂရုမပြုခြင်း)၊

         ( ၃ ) မိမိရှိသမျှ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြားသုံးစွဲ လှူဒါန်းတက်ခြင်း ၊
      
         ( ၄ ) ဘုရားသာသနာ ပျက်စီးမည့် အရေး တွေ့မြင်ပါက သာသနာတော်ကြီးပွားရာ ကြီးပွားကြောင်းကိုသာ မနေမနား
                ကြိုးစားအားထုတ်ခြင်း
           
        ( ၅ ) အယူဖြောင့်မှန်ပြီး လူပြိုန်းတို့ လက်ခံသည့် အထူးအဆန်းမင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိအသက်ကို
               ပဓာနမထားဘဲ မိမိကိုးကွယ်ရာ ဆရာ ( ဘုရား ) မှ အခြား အယူပျက်သော တတ္တိဆရာများကို မိမိ၏ ဆရာအဖြစ်
               မည့်သည့် အခါမျှ မရည်ညွှန်းခြင်း၊

       ( ၆ ) ကာယကံ ၊ ဝစီကံကို စောင့်ထိန်းခြင်း ၊

       ( ၇ ) အတူနေ ပုဂ္ဂိုလ်များနှင့် သင့်တင့် ညီညွှတ်စွာ နေထိုင်တက်၍ အချင်းချင်းအပေါ် ငြူစူမှုကင်းပြီး သာသနာတော်ကို ခုတုံး
              လုပ်၍ ဟန်ဆောင် ပလွှား ဝါကြွားမှု မပြုခြင်း ၊

       ( ၈ ) ဘုရား ရတနာကို ကိုးကွယ်ဆည်းကပ်းခြင်း ၊

       ( ၉ ) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ၊
 
       ( ၁၀ ) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို့ ဖြစ်ပါသည် ။
                              
                                                                   ( မိလိန္ဒပဥှာ ၊ ၁၀၂ )


ဥပါသကာ ၊ ဥပါသိကာမ  အရည်အချင်း များကို သိရှိပြီး ကျင့်သုံးနေထိုင်နိုင်ကြပါစေဗျာ

No comments:

Post a Comment