Wednesday, January 4, 2012

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့ မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်မည်

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့ မြန်မာနိုင်ငံသို့ မကြာမီ သုံးရက်ကြာ လာရောက်မည်ဖြစ်သည်။
ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့မှ ၉ ရက်နေ့အတွင်း လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ အစိုးရဌာန အကြီးအကဲများ၊ ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားနိုင်ငံရေးခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်တွင် ဒိန်းမတ်နိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ကြည့်ရှုသွားမည်ဟု လည်း သိရသည်။
သတင်းစာဆရာတစ်ဦး အဖြစ် လည်း ဆောင်ရွက်ခဲ့ဖူးသည့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့သည် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ် အောက် တိုဘာလ ၃ ရက်နေ့မှ စတင်ထမ်း ဆောင်နေသူဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဒိန်းမတ်နိုင်ငံသည် ပံ့ပိုးခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်များအတွက် အလှူရှင်များ၏ စုပေါင်းရန်ပုံငွေတွင် ထည့်သွင်းခြင်း အားဖြင့်လည်းကောင်း၊ နိုင်ငံတကာ နှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် စီမံချက်များ ပြုလုပ်ခြင်းအားဖြင့်လည်းကောင်း ပံ့ပိုးကူညီပြီး နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရှိသည်ဟု ဆိုသည်။

ဒိန်းမတ်နိုင်ငံသည် ၂၀၀၆ ခုနှစ်မှစတင်ကာ ကုလသမဂ္ဂကလေး  များရန်ပုံငွေအဖွဲ့၏ ပညာရေးစီမံကိန်းများကို ပညာရေးအတွက် အ လှူရှင်များ၏ စုပေါင်းရန်ပုံငွေမှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိရာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ  ၅ သန်းခန့်ရှိပြီဖြစ်ကာ ပညာရေးအတွက် အလှူရှင်များ၏ စုပေါင်းရန်ပုံငွေ၏ ပထမအဆင့် အတွေ့အ ကြုံများအပေါ် မူတည်ပြီး ဒုတိယအဆင့်ကို ၂၀၁၂ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

http://www.news-eleven.com/  မှ တဆင့်ကူးယူတင်ပြသည် ။
ကျန်းမာချမ်းသာကြပါစေဗျာ

No comments:

Post a Comment