တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက်  ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့  ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း  ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက  ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က  ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို  အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊ နေ့တိုင်း သက်သတ်လွတ်စားတော့  ကုသိုလ်လည်းပိုရ၊ သတ္တ၀ါတွေ အပေါ်မှာထားတဲ့ မေတ္တာဓာတ်လည်း  ပိုအားကောင်းတာပေါ့ ဘုရား၊ အရှင်ဘုရားတို့လည်း သက်သတ်လွတ်စားနိုင်အောင်  ကြိုးစားပေါ့ဘုရား”လို့ သူပြောချင်ရာကို ပြောလည်းပြော  လျှောက်လည်းလျှောက်နေပြန်ပါတယ်။
တစ်ခါတုန်းကတော့  ဒကာမကြီးတစ်ယောက်က သူ့အမျိုးသား အမြဲသက်သတ်လွတ် စားနေတဲ့အတွက် သူစားဖို့  ချက်ပြုတ်ပေးရတာလည်း တစ်ဒုက္ခဖြစ်နေတဲ့အကြောင်း ပြောလာပြန်ပါတယ်။ သူ့ဒကာကြီး  သက်သတ်လွတ် စားဖို့အတွက် အသားတုတွေ လိုက်ပြီးရှာဝယ်ရတာလည်း အတော်မလွယ်တဲ့  ကိစ္စဖြစ်ကြောင်း၊ ကြာတော့ သူသက်သတ်လွတ်စားတာကနေ မြန်မြန်ထွက်ပါစေလို့တောင်  ဆုတောင်းမိတဲ့အကြောင်း စသဖြင့် သူ့ဒုက္ခကို ပြောပြဖူးပါတယ်။
ဒီလိုအသံတွေ  ကြားရတော့ ဘုန်းဘုန်းစိတ်ထဲမှာ သက်သတ်လွတ်နဲ့ ပတ်သက်တဲ့ ပြောစရာလေးတွေ  အကြောင်း အတွေးနယ်ချဲ့မိပြန်ပါတယ်။ သက်သတ်လွတ် စားတဲ့ရည်ရွယ်ချက် အမှန်နဲ့  လက်တွေ့ဖြစ်နေတဲ့ အဖြစ်လေးတွေ၊ ကုသိုလ်ရချင်လို့ သက်သတ်လွတ်စားကာမှ  ကုသိုလ်မရဘဲ အပြစ်ဖြစ်စရာလေးတွေ  ဖြစ်နေတာက သက်သတ်လွတ်စားသူတွေနဲ့  သက်သတ်လွတ်အတွက် ဖန်တီးပေးရသူတွေကြားမှာ လွဲများလွဲနေကြသလားလို့  စဉ်းစားနေမိပြန်ပါတယ်။  ကုသိုလ်ရအောင်၊ မေတ္တာဓာတ်အားကောင်းအောင်၊  ရသတဏှာနည်းအောင် သက်သတ်လွတ်စားကာမှ ကုသိုလ်လည်းမရ၊ မေတ္တာဓာတ်လည်း မပွားဘဲ  အလုပ်ပိုပြီး ရသတဏှာသာ တိုးနေမယ်ဆိုရင်တော့ ဒါဟာ လွဲနေတော့တာ ဖြစ်ပါတယ်။  စားတာက သက်သတ်လွတ်ဖြစ်နေပြီး ပွားနေတာက ကိလေသာတွေ ဆိုရင်တော့ နဲနဲလေးတော့  လွဲနေတာ အမှန်ပဲ ဖြစ်ပါတယ်။
တကယ်တော့ သက်သတ်လွတ်စားတာ  မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး အကောင်းတွေ  အဖြစ်များ၊ အကျိုးတွေ အဖြစ်များဖို့တော့ လိုပါတယ်။ သတ္တဝါတွေအပေါ်မှာ  မေတ္တာထားနိုင်အောင်၊ အစားအသောက်နဲ့ ပတ်သက်ပြီး အလုပ်မရှုတ်အောင်၊  အရသာအပေါ်မှာ စွဲလန်းတပ်မက်တတ်တဲ့ ရသတဏှာတွေ လျော့နည်းအောင် စားလည်းစား  ကျင့်လည်းကျင့်မယ့် ဆိုရင်တော့ သက်သတ်လွတ်စားတာ သိပ်ကောင်းပါတယ်။  အဲဒီလိုလေးတွေသာ ဖြစ်ကြမယ်ဆိုရင်တော့ တကမ္ဘာလုံး သက်သတ်လွတ်တောင်  စားသင့်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က  ကောင်းနေတာကိုး။
ဒါပေမယ့် ခုဟာက သက်သတ်လွတ်စားရင်း  အကျင့်ပါးလာတဲ့ သူတစ်ချို့ကြောင့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က တစ်ခြားစီ  ဖြစ်နေသလို ဖြစ်လာနေပါတယ်။ ရသတဏှာ မပါးဘဲ သက်သတ်လွတ် အစားအစာကို  အသားအရသာအတိုင်း အကောင်းဆုံး ပြင်ဆင်ပြီး စားနေကြတာကတော့ အလုပ်လည်းများ  တဏှာလည်း ပွားနေကြသလို ဖြစ်နေပါတယ်။ အစားအစာနဲ့ ပတ်သက်ပြီး အလုပ်မများအောင်  စားကာမှ ဘယ်လိုဟာမျိုးမှ စားမယ်၊ ဘာပါမှစားမယ်၊ ဘာမပါလို့ အလိုမကျ  ဖြစ်နေကြတယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။
အမှန်တော့  ဘုရားအလိုရှိတာက သက်သတ်လွတ်စားခြင်း မစားခြင်းကို အလိုရှိတော်မူတာ  မဟုတ်ပါဘူး။ ဘာပဲစားစား ရသတဏှာ မပွားဖို့၊ အစားအသောက် အပေါ်မှာ  တပ်မက်တွယ်တာမှု မများဖို့ကိုသာ ဗုဒ္ဓမြတ်စွာ အလိုရှိတော်မူတာ ဖြစ်ပါတယ်။  ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်လည်း ဒီလိုသက်သတ်လွတ် စားဖို့ကို  သီးသန့်ခွင့်ပြုတော်မူခြင်း၊ သက်သတ်လွတ်စားဖို့ တိုက်တွန်းတော်မူခြင်း  မရှိခဲ့ပါဘူး။ အရှင်ဒေဝဒတ်က ရဟန်းသံဃာတော်များ သက်သတ်လွတ်စားဖို့  ပညတ်ပေးပါလို့ တောင်းဆိုတာတောင်မှ ဘုရားရှင်က ခွင့်ပြုတော် မမူခဲ့ပါဘူး။  ဆွမ်းခံသွားကာ ရသမျှ အစာအဟာရ အပေါ်မှာ ရသတဏှာ မဖြစ်အောင်စားဖို့ပဲ  တိုက်တွန်းတော်မူခဲ့ပါတယ်။ သက်သတ်လွတ်စားခြင်းကြောင့် ရသတဏှာပါးပြီး ကိလေသာ  နည်းသွားမယ်ဆိုရင်တော့ ဘုရားရှင်က သာဓုခေါ်မှာ အမှန်ပဲ ဖြစ်ပါတယ်။  သက်သတ်လို့တော့ စားပါတယ် ကိလေသာမပါးဘဲ ပိုများလာပြီး ရသတဏှာကလည်း  ပိုပွားလာတယ်ဆိုရင်တော့ ဗုဒ္ဓရှင်တော်မြတ် အလိုရှိတော်မူမှာ မဟုတ်ပါဘူး။  ဒါကြောင့် သက်သတ်လွတ်စားတဲ့ အဓိက ရည်ရွယ်ချက်ဟာ မေတ္တာကရုဏာ  တရားအားကောင်းဖို့နဲ့ အစားအသောက်အပေါ်မှာ ရသတဏှာ မပွားဖို့  စားတာဖြစ်တဲ့အတွက် သက်သတ်လွတ်စားရင်း ရည်ရွယ်ချက်တွေနဲ့  လွဲအောင်မလုပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။
ပြီးတော့  အစားစားတယ်ဆိုတာ အလုပ်လုပ်နိုင်အောင် စားတာဖြစ်ပါတယ်။ အလုပ်လုပ်ဖို့စားတာ  ဖြစ်ပါတယ်။ စားဖို့လုပ်တာ မဟုတ်ပါဘူး။ အစာအဟာရကို အမှီပြုပြီး  မာန်မာနတက်ဖို့၊ လှဖို့ပဖို့ စားနေကြတာ မဟုတ်ဘဲ ခန္ဓာကိုယ် ကျန်းမာရေး  မျှတအောင်၊ ရုပ်တရားရဲ့ ဖောက်ပြန်မှုကို တစ်ဖက်တစ်လမ်းက  အထောက်အပံ့ဖြစ်အောင်၊ အဟာရသပ္ပါယ မျှတအောင် စားသောက်ကြတာ ဖြစ်တဲ့အတွက်  ဒီသဘောနဲ့ ညီအောင်တော့ စားသင့်ကြပါတယ်။ အဲလိုမှမဟုတ်ဘဲ ဘာဖြစ်ချင်လို့၊  ဘာလိုချင်လို့ စတဲ့ မျှော်လင့်ချက်တွေနဲ့ အဓိဋ္ဌာန် ဝင်သလိုလို၊ သတ္တ၀ါတွေ  အပေါ်မှာ မေတ္တာထားသလိုလိုနဲ့ သက်သတ်လွတ်ကိုပဲ အသားထက်ကောင်းအောင် ပြင်ဆင်  စားသောက်မှုမျိုး ဆိုရင်တော့ ရသတဏှာပွားပြီး အကုသိုလ်တောင်  တိုးနိုင်တာဖြစ်တဲ့အတွက် ဒါမျိုးလည်း မဖြစ်သင့်ပါဘူး။
တစ်ချို့က  ဘာအဓိဋ္ဌာန်ဝင်တယ်၊ ညာအဓိဋ္ဌာန်ဝင်တယ်ဆိုပြီး အဓိဋ္ဌာန်ဝင်နေတဲ့ ကာလမှာ  ကိုယ်လိုချင်တဲ့ အရာတွေ အထမြောက်အောင်မြင်အောင် သက်သတ်လွတ်ပါ စားကြဖို့  ပြောဆိုညွှန်ပြနေတာတွေလည်း ရှိပါတယ်။ ဒါတွေကို သေချာကြည့်ရင်  ရည်ရွယ်ချက်ကိုက ရှင်းနေပါတယ်။ ဘာလိုချင်လို့၊ ဘာရချင်လို့၊  ဘာတွေအောင်မြင်ချင်လို့ စတာတွေက ဦးစီးနေတာ ဖြစ်နေတော့ သက်သတ်လွတ်စားတာဟာ  မေတ္တာဓာတ်များဖို့၊ ရသတဏှာပွားဖို့ကြောင့်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။  ဒါလိုချင်လို့ ဒီလိုစားတာ၊ ဒီလိုကျင့်တာဟာ ဘာသာရေးကို ခုတုံးလုပ်နေတာနဲ့  အတူတူပဲ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ အလွဲတစ်ခုပါ။
ဖြစ်သင့်တာက  သက်သတ်လွတ်စားတာ၊ မစားတာထက် အစားအသောက်အပေါ်မှာ ရသတဏှာ မပွားဖို့၊  အစားအသောက်အတွက် ကိုယ်ကိုယ်တိုင် သတ္တ၀ါတွေကို သတ်တာဖြတ်တာ မလုပ်ဖို့၊  သက်သတ်လွတ် စားတာကို အကြောင်းပြုပြီး အလုပ်မများဖို့နဲ့ ဘာဖြစ်ချင်လို့  ဘာရချင်လို့ ဆိုတဲ့ မျှော်လင့်ချက် အဓိဋ္ဌာန်တွေနဲ့ မေတ္တာစေတနာ မပါတဲ့  သက်သတ်လွတ် စားတာမျိုး မဖြစ်ဖို့ စသဖြင့် သတိပြုဆင်ခြင်ကာ အရေးကြီးတဲ့  ကိလေသာပါးရေး၊ တဏှာနည်းရေးမျိုးပဲ ဖြစ်သင့်ကြပါတယ်။ စိတ်အစဉ်တွေမှာ  ကိလေသာပါးပြီး ကုသိုလ်တရားတွေ တိုးနေမယ်ဆိုရင် သက်သတ်လွတ်စားမှု မစားမှုဟာ  အရေးမကြီးတော့ပါဘူး။ ကိုယ့်စိတ်မှာ ကုသိုလ်တရားတွေ များနေမယ်ဆိုရင်  သက်သတ်လွတ်မစားလည်း ကိလေသာကတော့ ပါးနေမှာ အမှန်ပဲ ဖြစ်ပါတယ်။
ဒါကြောင့်   ဒီနေ့ခေတ် သက်သတ်လွတ် စားကြတဲ့ သူအချို့ရဲ့ ရည်ရွယ်ချက်နဲ့  လုပ်ဆောင်ချက်တွေဟာ ဗုဒ္ဓအလိုတော်နဲ့ လွဲနေတာတွေ ဖြစ်နေတဲ့အတွက် ဗုဒ္ဓအလို  ရှိတော်မူတဲ့ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာကရုဏာတရား အားကောင်းရေး၊  အစားအစာအပေါ်မှာ ရသတဏှာ နည်းပါးရေး၊ အစားအသောက်နဲ့ ပတ်သက်ပြီး  အလုပ်မရှုပ်ရေး၊ အစားအစာအပေါ် အမှီပြုပြီး မာန်မာန မတက်ရေးများကို  ဦးတည်လိုက်နာ ကျင့်သုံးကာဖြင့် ကုသိုလ်လည်းရ တဏှာလည်းချနိုင်မယ့် အစားအစာ  စားမှုမျိုးကိုသာ ကြိုးစားလိုက်နာ လေ့ကျင့်သင့်ပါကြောင်း သက်သတ်လွတ်နဲ့  ရသတဏှာအကြောင်း တစ်စေ့တစ်စောင်း မီးမောင်းထိုးပြရင်း လွဲနေတတ်တဲ့  အလွဲတစ်ခုအဖြစ် အသိပေး တင်ပြလိုက်ရပါတယ်
မနာပ ဒါယီ အရှင်ဝိစိတ္တ ၏ Facebook စာမျက်နှာ မှ တဆင့် ကူးယူတင်ပြသည်
No comments:
Post a Comment