ဆီးဂိမ်းစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းသည် တတိယ ကြေးတံဆိပ်ဆု ရယူနိုင်ခဲ့ရာ နောက်ဆက်တွဲ ရလဒ် တစ်ခု အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်သည် ကတုံးတုံး ခဲ့ရသည်ဟု သိရသည်။
ဦးစိုးမိုးကျော်သည် မြန်မာ ယူ-၂၃ အသင်းနှင့် အတူ အင်ဒိုနီးရှားသို့ လိုက်ပါ သွားခဲ့သည့် ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ များထဲမှ တစ်ဦးဖြစ်ပြီး တတိယ လုပွဲ မတိုင်မီတွင် ကစားသမား များအား ကြေးတံဆိပ် ရပါက မိမိ ကတုံးတုံးမည်ဟု လောင်းကြေး ထပ်ခဲ့ခြင်း ဖြစ်သည်။ ဦးစိုးမိုးကျော်က ကစားသမား များအနေဖြင့် မခံချင်စိတ် ဖြစ်လာအောင် မြှောင့်ပင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ကတုံးဆံပင်နှင့် မလိုက်သော်လည်း ကျေနပ်ပါကြောင်း၊ မြန်မာအသင်းသာ အောင်မြင်မှု ရမည်ဆိုပါက နောက်ထပ်လည်း ကတုံးတုံးရန် အသင့် ရှိပါကြောင်း ဖွင့်ဟခဲ့သည်။
"ဘယ်လို ပြောရမှန်း မသိအောင် ပျော်ရွှင်ပီတိ ဖြစ်မိပါတယ်၊ တကယ်ဆိုရင် ကျွန်တော့် ဆံပင်ပုံစံနဲ့ ရုပ်ရည်က ကတုံးနဲ့ လုံးဝ မလိုက်ဖက်ပါဘူး၊ ကတုံးတုံး လိုက်တော့ နဖူးပြောင်တာ ပိုသိသာပြီး ရုပ်ပိုဆိုး သွားတယ်ဗျ၊ ဆံပင်ညှပ် ဆိုင်က လူကတောင် ဆရာ့ပုံစံက ကတုံးနဲ့ မလိုက်ဘူးလို့ ပြောသေးတယ်၊ ဒါပေမဲ့ ကျွန်တော်အရမ်း ကျေနပ်တယ်" ဟု ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။
ဆက်လက်၍ "တကယ်တော့ ကျွန်တော့် ဘ၀မှာ ကိုရင်ဝတ်တဲ့ အချိန်နဲ့ ရဟန်းခံတဲ့ အချိန်မျိုးမှာပဲ ကတုံးတုံး ဖူးတာပါ၊ ကျွန်တော်က ဆံပင်နည်းနည်း ပါးပြီး နဖူးပြောင်တဲ့ လူဆိုတော့ ကတုံးတုံးရမှာ သေမလောက် ကြောက်တဲ့သူပါ၊ ဒါပေမဲ့ မြန်မာအသင်း ဗီယကနမ်ကို ထိုက်ထိုက်တန်တန် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့တဲ့ အတွက် ကျွန်တော် ပျော်ရွှင်စွာ ကတုံးတုံး ခဲ့တာပါ၊ မြန်မာအသင်း အောင်မြင်မှုရဖို့ အတွက်ဆိုရင် ကျွန်တော့် အနေနဲ့ ဘာလုပ်ပေးရ ပေးရ လုပ်ပေးဖို့ အသင့်ပါ၊ နောက်ထပ်လည်း ဒီလိုမျိုး ကတုံးတုံး ချင်ပါသေးတယ်" ဟု ဖွင့်ဟ သွားခဲ့သည်။
http://www.soccermyanmar.com/ မှ တဆင့်ကူးယူတင်ပြသည် ။
No comments:
Post a Comment